ကျောက်ပန်းတောင်း စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကောင်းပြီး မိုးရေလှောင်ကန်များတွင် ကန်ရေပြည့် ဝင်ရောက်လျက်ရှိသဖြင့် ကျေးရွာနေပြည်သူများအတွက်လာမည့် မိုးလွန်ကာလအထိ သောက်သုံးရေနှင့် စိုက်ပျိုးရေများ ဖူလုံနိုင်မည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာလဆန်းမှ စ၍ နေ့စဉ် ရက်ဆက်က်လိုပင် မိုးရွာသွန်းလျက်ရှိရာ၊ စက်တင်ဘာ(၉)ရက်နေ့ ကြယ်လွဲမိုးရွာသွန်းပြီးနောက်၊ စက်တင်ဘာ(၁၀)ရက်နေ့တွင် ထပ်မံရွာသွန်း သည့် မိုးမှာ မိုးရေချိန် လက်မ ၃.၃၅ လက်မ ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ မိုးရေလှောင်ကန်များ ရေပြည့်ဝင်ရောက်လျက်ရှိပြီး၊ တောင်သူများအခေါ် မိုးကာလ ၏ နောက်ဆုံးမိုးဖြစ်သည့် ကန်ဆင်းမိုး ရွာသွန်းသည့် အချိန်တွင် သည်းသည်းမည်းမည်း ရွာသွန်းမည်ဆိုပါက အချို့ မိုးရေလှောင်ကန်ငယ်များ ကျိုးပေါက်မည်ကို ဆိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း တောင်သူတစ်ဦးကပြောပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ ကြက်မောက်တောင်ရေ လှောင်တမံတွင် ကန်ရေပြည့်အမှတ်(၉၂၇.၀) ဖြစ်၍ ရေလှောင်ပမာဏမှာ ဧကပေ ၇၃၁၀၀ ဧကပေဖြစ်ရာ၊ စက်တင်ဘာလ (၁၁)ရက်နေ့အထိ ရေဝင်ရောက်မှုအခြေအနေမှာ ရေမှတ် (၉၂၃.၄)အထိ ရောက်ရှိ၍ ဧကပေ ၄၈၈၇၀ ဧကပေ ဝင်ရောက်ခဲ့ကြောင်းနှင့် ပင်းချောင်းဆည်တွင် ကန်ရေပြည့်အမှတ် ၇၉၀.၀ ဖြစ်၍ ရေလှောင် ပမာဏမှာ ဧကပေ ၁၈၉၀၀ ဧကပေ ရှိရာ၊ စက်တင်ဘာ လ(၁၁)ရက်နေ့အထိ ရေဝင်ရောက်မှုမှာ ရေမှတ် ၇၉၀.၁ ဖြစ်၍ ဧကပေ ၁၈၉၅၀ ဧကပေ ရှိရာ ရေပိုလွှဲမှ ၀.၁၈၇ ဧကပေ ထုတ်လွှတ်ထားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အဆိုပါ မိုးရေဝင်ရောက်မှုများပြားသဖြင့် ကြက်မောက်တောင်ဆည်ရေ ဖြင့် မိုးစပါး ၂၆၁၅ ဧက နှင့် ပင်းချောင်းဆည်မှ မိုးစပါး ဧက ၅၀၀ တို့ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်းသိရပြီး၊ မိုးရေလှောင်ကန်များ ရေဝင်များသဖြင့်လာမည့် မိုးလွန်ကာလအထိ သောက်သုံးရေနှင့် စိုက်ပျိုးရေ ဖူလုံနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)