မာန်အောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရေးအသိပေး ဆွေးနွေးပွဲကျင်းပ

မာန်အောင် စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းက  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရခြင်းနှင့် ပတ်သက်၍ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းဆိုင်ရာ လက္ခဏာများ၊ ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီ အစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သားအိမ်ခေါင်းရောဂါကာကွယ်ဆေး ထိုးနှံမှုများနှင့် ပတ်သက်၍Video Clipsနှင့်ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို စက်တင်ဘာလ (၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျောင်းအခြေပြု  ကာကွယ်ဆေးထိုးနှံခြင်း အဖြစ်လည်းကောင်း၊ အောက်တိုဘာလအတွင်း၌  ပြည်သူအခြေပြုကာကွယ်ဆေး ထိုးနှံခြင်း အဖြစ်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)