မြောက်ဦးမြို့နယ်အတွင်းရှိ ‌သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

မြောက်ဦး   စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများတွင် လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်များနှင့်လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေသန့်စက်ရုံများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာတင်ကိုဝင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဖြိုးမောင်မောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ သည်   NINE သောက်ရေသန့်စက်ရုံနှင့် KING သောက်ရေသန့်စက်ရုံများသို့ သွား ရောက်ကာ ရေသန့်စက်ရုံအင်္ဂါရပ်နှင့် ညီညွတ်မှုရှိ/မရှိ၊ စည်ပင်လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ အစားအသောက် ကုန်ထုတ်လုပ်ခွင့်လက်မှတ် ရှိ/မရှိ၊ စက်မှုလုပ်ငန်းမှတ်ပုံတင်ရှိ/မရှိနှင့် ရေသန့်ဘူးကြမ်း စနစ်တကျ ဆေးကြောသန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေ၊ ဝန်ထမ်းများ၏ ကျန်းမာရေးဆေးစစ်ဆေးထားမှု အခြေအနေ၊ ရေသန့်ဘူးထုပ်ပိုးမှုစနစ်နှင့်ဈေးကွက်သို့ ရောင်းချနေသည့် ရေသန့်ဘူး အမျိုးအစားများစသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)