မဘိမ်းမြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မဘိမ်း စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ အသက်(၉)နှစ်မှ(၁၂)နှစ်ထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆန်းထွန်းမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးရခြင်းရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးစတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးမထိုးသင့်သောအခြေအနေများနှင့် သားအိမ်ခေါင်းကင်ဆာ(အိတ်ချ်ပီဗွီ)ကာကွယ်ဆေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု အသက်(၉)နှစ်မှ (၁၂)နှစ်ထိ မိန်းကလေးများကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့ထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလတွင် လက်ဆက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း(မဘိမ်း)