ချမ်းမြသာစည်မြို့နယ်တွင် ဧရာထွန်းလမ်းမကြီးပေါ်ရှိ သစ်ပင်ကြီးလဲပြိုကျမှုဖြစ်ပွား

ချမ်းမြသာစည် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ ဧရာတွန်(၁)(ဆ) ရပ်ကွက်၊ ဧရာထွန်းလမ်းမကြီးပေါ်ရှိ ဖျောက်ဆိပ်ပင်ကြီးသည် ယမန်နေ့ည ၁၀ နာရီအချိန်က လဲပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

အဆိုပါ သစ်ပင်လဲပြိုမှုကြောင့် လျှပ်စစ်မီးတိုင် (၃)တိုင် ကျိုးကျေပျက်စီးပြီး ဖျောက်ဆိပ်ပင် အနီး အလျား ၁၅ ပေ၊ အနံ ၁၀  ပေရှိ လမ်းဘေးဆိုင်ခန်းတွင် နေထိုင်သော ဦးမြသန်း၊ ၈၃ နှစ်၊ (ဘ)ဦးကြွယ်၊ ဦးဇော်ဇော်လင်း၊ ၅၂နှစ်၊ (ဘ)ဦးမြသန်း၊ ဒေါ်မိုးသီတာ ၄၇နှစ်(ဘ) ဦးမောင်စိန် တို့တွင်  ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြ‌သောကြောင့် သံလျက်မော်တောင်ရပ်ကွက် လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသလျက်ရှိကြောင်းနှင့် လဲကျနေသော ဖျောက်ဆိပ်ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းကျော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမင်းမင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး ဖျောက်ဆိပ်ပင် လဲပြိုကျမှုကြောင့် ဓာတ်တိုင် ၃ တိုင်နှင့် လမ်းဘေးစျေးဆိုင် အပါအ၀င် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၅၅၀၀၀၀/ ကျပ်ခန့် ဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)