နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းသို့ ငွေကျပ် ၈၇ သန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်း

နမ္မတူ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်မှ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းသို့ ငွေကျပ် ၈၇ သန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဆွေဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်၊ ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးစောလှမြင့်နှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၅ ကျောင်းမှ ဆရာ ဆရာမ ၂၇၀ အတွက် ဝတ်စုံစရိတ်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၈၁၀၀၀၀၀ အားလည်းကောင်း၊ ကျောင်းသား ကျောင်းသူ ၅၆၈၀ ဦးအတွက် တန်ဖိုးငွေကျပ် ၇၉၈၅၁၃၅၃ ရှိခဲတံ ၅၆၈၀ ဒါဇင်၊ ဗလာစာအုပ် ၃၂၉၇ ဒါဇင်၊ လေးကြောင်းမျဉ်းစာအုပ် ၂၃၈၃ ဒါဇင်၊ ဘောပင် ၆၅၉၄ ထုပ်၊ Pencil Bag (ဘဲဥပုံအိတ်) ၅၁၅ အိတ်၊ Pencil Bag (ဇစ်အိတ်) ၂၇၈၂ အိတ်နှင့် သံလိုက်ကွန်ပါ ၂၃၈၃ ဘူး စုစုပေါင်းတန်ဖိုးငွေကျပ် ၈၇၉၅၁၃၅၃ ရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း၍ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူဦးရေအလိုက် ခွဲဝေပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော်(ပြန်/ဆက်)