တောင်ပြိုလက်ဝဲ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် တောင်ပြိုလက်ဝဲမြို့၊ အ.ထ.က ကျောင်းသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကို လေ့လာဖတ်ရှုမှု ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ စာအုပ်များ စုစုပေါင်း (၄၀)အုပ်ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါတောင်ပြိုလက်ဝဲမြို့၊ အ.ထ.ကကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များကစိတ်ပါဝင်စားစွာ စာအုပ်စာစောင်များကို ငှားရမ်းခဲ့ကြသည်။
တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ Mobile Library ဖြင့်စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)