မိုင်းရယ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေး

မိုင်းရယ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူလူထုများ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး talk show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးဌာနမှူး ဒေါ်ခင်မာလာနှင့် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဝင်းတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးသည့် အကြောင်းအရာများတွင် လူကုန်ကူးမှု အန္တရာယ်သည် ကမ္ဘာပေါ်တွင် သမိုင်းဦးဘုံမြေခေတ်မှ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သည့် ကျေးကျွန်စနစ်မှ လူကုန်ကူးမှုပုံစံသစ်အဖြစ် ပြောင်းလဲလာကြောင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခံရခြင်းစသည့် အကြောင်းအရာများသည် လူကုန်ကူးမှုအန္တရာယ်ကို ဖြစ်ပွားစေရန် တွန်းအားပေးနေသည့် အကြောင်းတရားများဖြစ်ကြောင်း၊ လူကုန်ကူးမှုအန္တရာယ်သည် တိုးတက်လာသော နည်းပညာအရ ကျူးလွန်ရန်လွယ်ကူခြင်း၊ အရင်းအနှီးနည်းနည်းဖြင့် အမြတ်များစွာရရှိခြင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများကို ပို၍ကျူးလွန်ကြခြင်း၊ လူကုန်ကူးခံရသူများအနေဖြင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများ ထိခိုက်နစ်နာမှုများရှိခြင်းစသည်တို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အမျိုးအနွယ်ပျက်စီးခြင်း၊ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ လူသားအရင်းအမြစ်များလျော့ကျခြင်းစသည့် အချက်များနှင့်လူကုန်ကူးမှုအန္တရာယ် ပြစ်မှုကျူးလွန်သူများအတွက် ပြဌာန်းထားသည့် ဉပဒေများစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် ကျရောက်မှုမရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ် လဝကနှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ ပူးပေါင်း၍ မြို့အဝင်ဂိတ်များတွင် ယာဉ်ကြီး၊ ယာဉ်ငယ်နှင့်ခရီးသွားယာဉ်များကို ရပ်တန့်စေ၍ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းရယ်(ပြန်/ဆက်)