မိုင်းဆတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၁၁)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မိုင်းဆတ်မြို့အဝင် ဆိုက်ခေါင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လူကုန်ကူးမှု ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ကူညီနိုင်ရန် ဆက်သွယ်နိုင်မည့် ဖုန်းနံပတ်များပါရှိသည့် ဆိုင်းဘုတ်အားအမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆောင်ရွက်မှုမှတ်တမ်းများကို ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များ၊ အာခါယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)