မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက ဘာထန်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ကျန်းမာရေးဌာန ငှက်ဖျားကြီးကြပ်ရေးမှူး ဦးဟဲစတေက သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း၊ ခြင်ကျားသည် မိုးရာသီ၌ အများဆုံးပေါက်ပွားနိုင်ပြီး နေ့အခါတွင် ကိုက်တတ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားလေ့ရှိကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်ရေအိုး၊ ရေကန်များကိုအဖုံးအုပ်ခြင်း၊ ရေလဲလှယ်ခြင်း၊ သွန်ပစ်ခြင်း၊ ရေစစ်ခြင်းများပြုလုပ်သင့်ကြောင်း၊ ဖျားပြီးအန်ခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ဗိုက်နာခြင်းများခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍ ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခြင်ထောင်ဆေးရည်စိမ်နည်းများကို လက်တွေ့ပြသကာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာနေပြည်သူများအတွက် ဆေးစိမ်ခြင်ထောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)