နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အများပြည်သူအသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ စက်တင်ဘာ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ ယနေ့တွင်ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အများပြည်သူ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ အငယ်တန်းစာရေး ဒေါ်မီမီမိုးက Online စနစ်ဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံရှိ လက်ရှိဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် တားဆီးကာကွယ်ခြင်းဆိုင်ရာ ဆောင်ရွက်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)