သိန္နီမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

သိန္နီ  စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

စာစီစာကုံးပြိုင်ပွဲတွင် သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးက “လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင်   ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို  မွန်းလွဲပိုင်းအချိန်တွင် ဆက်လက်ကျင်းပရာ ရှေးဦးစွာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးနိုင်တင်အေးက ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် မိမိရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော် ကြိုးစားအားထုတ်တတ်စေရန်၊ ပြိုင်ပွဲတိုင်းတွင် ကြိုးစားအားထုတ်သော စိတ်ဓာတ်ခွန်အားများ ထားရှိတတ်လာစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နှောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများ ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူးဦးကျော်ဇေယျက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)