ဇမ္ဗူသီရိမြို့နယ်၊ (WISDOM HILL PRIVATE HIGH SCHOOL) ၌ လူငယ်စကားဝိုင်းကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (WISDOM HILL) ကိုယ်ပိုင်အထက်တန်းကျောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက (WISDOM HILL PRIVATE  HIGH SCHOOL) ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး၊ (WISDOM HILL) ကိုယ်ပိုင်အထက်တန်းကျောင်းကို တည်ထောင်သူ ဆရာကြီးဦးပညာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်စကား ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာ သမီးကောင်းရတနာများ  ပေါ်ထွန်းလာစေရန်၊ အနာဂတ်နိုင်ငံ‌တော် ကိုပုံဖော်ထုဆစ်ကြမည့် သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ အတွေးခေါ်များ တိုးတက်မြင့်မားလာ‌စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းမမဦး တို့ကဆောင်ရွက်ပြီး Speaker များအဖြစ် Grade-10 Paris ကျောင်းသူ မဆုမြတ်လင်းစံက လူငယ်နှင့်စာပေ၊ Grade-10 Paris ကျောင်းသူ မ‌မေဘုန်းထွဋ် က လူငယ်နှင့်ကျန်းမာ‌ရေး၊ Grade-11 Paris ကျောင်းသူ မနှင်းဧကရီက လူငယ်နှင့်ယဉ်ကျေးမှု၊  Grade-11 Paris ကျောင်းသား မောင်အေးချမ်းပိုင်က လူငယ်နှင့်စာရိတ္တ၊ Grade-10 Paris ကျောင်းသား မောင်ထူးဒီပါတို့က လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စေ့စပ်ညှိနှိုင်းရေးမှူးတို့က ပြန်လည်ဖြေကြားပေးခဲ့ပြီး (WISDOM HILL) ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များ ပြသခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း  သိရသည်။

အောင်သူရဦး