ကလော စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန် ကလောမြို့ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ကလောတပ်နယ် ဒုတိယကျောင်းအုပ်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် လုပ်ငန်းရှင်များ၊ ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ကလောတပ်နယ် ဒုတိယကျောင်းအုပ်ကြီး၊ အမှတ်(၅၅)တပ်မဌာနချုပ် ဒုတိယတပ်မမှူးနှင့် ကလောခရိုင်အုပ်ချုပ်ရေးမှူး တို့ကပြိုင်ပွဲကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ကလောခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေးက ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်ရွှေမြို့နယ် ထက်အိမ်ဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆိုင်းဝိုင်းအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများက အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း ကာလပေါ်အဆိုပြိုင်ပွဲ၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်းတို့က ကာလပေါ်တေး၊ အဖွဲ့လိုက် ကဗျာလွတ်အကပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာ ရှမ်းအက၊ တောင်ရိုးအကများနှင့် တပင်တိုင်အကများဖြင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကလောတပ်နယ် ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ပြန်/ဆက်)