ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဇေယျာသီရိ စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ချက်အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသားလူငယ်များ၏ စွမ်းဆောင်ရည်များ အားပေးမြှင့်တင်ခြင်း၊ အတွေးအခေါ်အယူအဆများနှင့် အများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းသူက ထပ်ဆင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း Grade 11 (A)မှ မခင်ချောစုနိုင်က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ Grade 11 (B)မှ မောင်မင်းမင်းစိုးက လူငယ်နှင့်အနာဂတ်၊ Grade 10 (A) မှ မောင်ထက်နိုင်လင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များ ဖြင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့်ခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ရာ တက်ရောက်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဝင့်ဝင့်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)