ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အစည်းအဝေးတွင်   ပြင်ဦးလွင်ခရိုင် ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဆွေးနွေးတင်ပြသည်။

ထို့နောက် ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီ ၊ ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်ရေး လုပ်ငန်းဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်များစိစစ်ရေး လုပ်ငန်းဆပ်ကော်မတီ ၊ အကဲဖြတ်ဒိုင်များ ဖွဲ့စည်းရေးလုပ်ငန်းဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး လုပ်ငန်းဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်မှတ်တမ်းထိန်းသိမ်းရေး လုပ်ငန်းဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ၊ လုံခြုံရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက မိမိတို့ ဆပ်ကော်မတီများအလိုက် လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ပြိုင်ပွဲကာလတစ်လျှောက် စည်ကားသိုက်မြိုက်စွာဖြင့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဆပ်ကော်မတီအားလုံးက ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားပြီး အစည်းအဝေးအား ရုပ်သိမ်းသည်။

ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး  ပြိုင်ပွဲဝင်စုစုပေါင်း ၉၈ ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)