မိတ္ထီလာ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ပုဇွန်၊ ခေါက်ဆွဲ စသည့်အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်နေမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ၎င်းပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ရောင်းချသည့် အခြေခံစားသောက်ကုန်များကို ထုပ်ပိုးရောင်းချပေးရာတွင် ပလပ်စတစ်သုံးစွဲမှုလျှော့ချစေရေးနှင့် ပလပ်စတစ်သုံးစွဲမှုကင်းစင် ပပျောက်ရေးအတွက် ပလပ်စတစ်အစားထို အင်ဖက်၊ သတင်းစာစက္ကူများဖြင့် ထုပ်ပိုးရောင်းချပေးခဲ့သည်။ အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့် လှစ်ရောင်းချခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် အပတ်စဉ်အလိုက် ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ