မံစီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မံစီ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အလက (ကောင်ရာ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန  မံစီမြို့နယ်ရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် စာအုပ် စာပေများ ပိုမိုလေ့လာဖတ်ရှုတတ်လာစေရန်၊ စာကြည့်တိုက်များကို ပိုမိုလာရောက်အသုံးချတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နူးဂျန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာပေများအကြောင်း မိတ်ဆက်ရှင်းလင်းကာ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူများ၊ လူကုန်ကူးမှုအန္တရာယ်၊ တားဆီး ကာကွယ်ရေးအကြောင်းကို အသိပညာပေး ဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က  ငယ်ရွယ်စဉ်မှစ၍  စာပေလေ့လာလိုက်စားကြ ရန်  အသိပညာပေး  ဟောပြောခဲ့ကြသည်။  

ဆက်လက်၍ သုတရသစာအုပ်စာစောင်များကို ဖြန့်ဝေဖတ်ရှုစေခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)