နမ့်စန်(တ) စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြိုနယ်တွင် တောင်သူများကို နေကြာမျိုးစေ့၊ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိူးထားသည့် နေကြာစိုက် ဧက(၁၀၀) စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဦးအောင်ဇော်မိုးနှင့် နမ့်စန်ခရို င်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးမြသိန်းတို့က နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဦးအောင်ဇော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ခရိုင်စိုက်ပျိုးရေးတာဝန်ခံ ဦးမြသိန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက အခမ်းအနားတက်ရောက်လာသော မိုင်းစိတ်၊ မက်မွန်မုန်း၊ ဟိုင်းနားကြီး၊ ဝမ်ပုံ၊ လွိုင်ယဲ၊နောင်ဟီး၊ ဟိုရမ်းကျေးရွာအုပ်စုတို့နှင့် အမှတ်(၅)ကျေးရွာအုပ်စုရှိ တောင်သူ(၈၀)ဦးတို့အား ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ စုစုပေါင်းဧက(၈၀)စာနှင့် ဓာတ်မြေဩဇာ(၈၀)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြခြင်းကို အဆိုပါနေကြာစိုက်ခင်းအတွင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ တောင်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)