သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သာကေတ စက်တင်ဘာ ၁၂

သာကေတမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမ၌ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသားလူငယ်များမှ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးအခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ပြုံးမှ အဖွင့်အမှာစကားပြောကြားပြီး လူငယ်နှင့်ကိုယ်ရေးကိုယ်သွေးဆိုင်ရာအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးညွှန့်ဝင်းမှလူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစိးဌာန၊ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ လူငယ်နှင့်ဗလငါးတန်းဖွံ့ဖြိုးရေးဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ တိုင်းရင်းဆေးမှူးဒေါ်ထက်ထက်ဝေမှ တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ မှတ်သားစရာများအားလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူးဒေါ်ခင်ကောင်းစံမှ လူငယ်နှင့်အားကစားဆိုင်ရာများအားလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများမှလေ့လာ ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)