လှိုင်းဘွဲ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ အိမ်တွင်း လျှပ်စစ်သွယ်တန်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဒိုင်းပြကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာဦးကျော်စိုးက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းထွန်းနှင့် သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ထူး တို့က သင်ထောက်ကူပစ္စည်းများအား သင်တန်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို နေအိမ်များ၊ အဆောက်အအုံများနှင့် စက်ရုံအလုပ်ရုံများတွင် လျှပ်စစ်ဝိုင်ယာကြိုးများ အားစနစ်တကျ သွယ်တန်းနိုင်ရေးအတွက် လျှပ်စစ်သွယ်တန်းရေး အဓိကလုပ်ငန်းစဉ်များ၊ ဝါယာရင်းစနစ် တစ်ခု၏ အပိုင်းအဆစ်ကြီးများ၊ သွယ်တန်းမှုစနစ်၊ လိုက်နာရမည့် သတ်မှတ်ချက်များ၊ ပစ္စည်းအမျိုးအစားများအား စက်တင်ဘာလ(၁၂)ရက်နေ့မှ စက်တင်ဘာလ(၂၅)ရက်နေ့အထိ သင်တန်းသား (၁၀)ဦးဖြင့် စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)