နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှားစကားပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စာရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုနှင့် အထွေထွေလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ အခြေခံစားသောက်ကုန်များ လုံလောက်ပြီး စားရေးရိက္ခာ ဖူလုံစေရေးအတွက် စပါး၊ ဆီထွက်သီးနှံများ၊ အသားကဏ္ဍများကို အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စားရေးရိက္ခာများကို မိမိဒေသအတွင်း လုံလောက်ဖူလုံရုံမက ပိုလျှံအောင်ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ဒါ့အပြင်အဓိက ခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားကုန်ပစ္စည်း ဈေးနှုန်းများ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် နည်းလမ်းများကို ဖော်ထုတ်ပြီး ကုန်ဈေးနှုန်းများတည်ငြိမ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးတက်ပြီး စံပြဖြစ်အောင်ဆောင်ရွက်ရာတွင် အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း သစ်တောများ စိမ်းလန်းစိုပြည်ရေးအတွက် ဆည်/တမံများ၏ ရေဝေရေလွဲဧရိယာများတွင် အမြဲစိမ်းစိုပြီး အကြီးမြန်သည့် သစ်ပင်များကို စိုက်ပျိုးဖို့လိုကြောင်း၊ ထို့အပြင် နေပြည်တော် စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် ရာသီအလိုက်ပွင့်သည့် သစ်ပင်ပန်းပင်များ စိုက်ပျိုးရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ ရုံးအဆောက်အဦ ပတ်ဝန်းကျင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဆေးရုံများတွင်လည်း သန့်ရှင်းသာယာစေရေးအတွက် အပတ်စဉ်စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ၊ MSME ကုန်ထုတ်လုပ်ငန်းများကို ပြည်ပထုတ်ကုန်အဖြစ် အဆင့်မီအောင် ထုတ်ကုန်အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထုတ်လုပ်အောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ပြီး ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက နေပြည်တော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် (Quick Win) အစီအမံငါးရပ်ဖြင့် ဆောင်ရွက်နေမှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း (Biometric) ကောက်ယူမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေး၊ စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများက အသီးသီးရှင်းလင်း တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)