မင်္ဂလာဒုံ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီ၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၁) အခြေခံပညာ အထက်ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းက လူငယ်စကားဝိုင်း လာရောက်ကျင်းပပေးသည့်အတွက် ကျေးဇူးတင်အမှာစကားပြောကြားခြင်း၊ မြို့နယ် စာရေးဆရာမ သက်ဦးခင်က အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ကိုယ်သိချင်တာတွေကို သိရအောင် စာများများဖတ်မှ သိနိုင်ကြောင်း၊ စာပေစကားနေ့တိုင်းကြားက အမှားကို သင်ခန်းစာယူ၍ ပြင်ဆင်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်ကဦးဆောင်၍ Grade- 12 မှ မောင်မိုးကျော်သူ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန်းစန်းမျိုးက လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရှင်းခန့်ဇော်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးသွဲ့ခင်က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်ဝင်းနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးငွေစိုး (ရွှေကြန့်မြေ) တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာမ သက်ဦးခင်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၁) အခြေခံပညာ အထက်ကျောင်းစာကြည့်တိုက်နှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အတွက် စာအုပ်များ လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)