လှည်းကူးမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လှည်းကူး စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး) ရှိ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီးက အဂတိတရား (၄)ပါး ရှောင်ရှားခြင်း၊ ကိုယ်ကျိုးနှင့် အများအကျိုးကြား ခွဲခြားတွေးတောခြင်း၊ ကျောင်းပညာရေးတွင် ဖြောင့်မတ် တည်ကြည်မှု၊ လူမှုတန်ဖိုးများ တည်ဆောက်ခြင်း၊ မိမိကိုယ်တိုင်နှင့် အခြားသူ၊ လူ့အဖွဲ့အစည်းအား တာဝန်ယူမှုရှိခြင်း၊ စည်းမျဥ်း၊ စည်းကမ်းများအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။

အခမ်းအနားသို့ လှည်းကူးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)