တောင်ကြီး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ မပျောက်ပျက်စေရန်၊ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း ပေးနိုင်ရန်၊ အမိနိုင်ငံတော်ကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရန် ရည်ရွယ်၍ တောင်ကြီးခရိုင်၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တောင်ကြီးခရိုင်၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)ကို တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသက်ဦး၊ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်နှင့် တောင်ကြီးခရိုင်ပညာရေးမှူး ဒေါ်ယဉ်မင်းစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးနှင့် မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် အရေးပါလှသည့် ပွဲဖြစ်ပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး အနု သုခုမပညာရပ်များသည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့်အလျောက် မေ့မေ့ပျောက်ပျောက် လျစ်လျူရှုထားလိုက်ပါက မကြာမီမှာပင် ပျောက်ကွယ်သွားမည်ဖြစ်သဖြင့် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မတိပ်မြုပ် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တောင်ကြီးမြို့နယ် အ.ထ.က(အောင်သပြေ)မှ မဆောင်းလင်းနွယ်၏ တပင်တိုင်အက၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ မောင်ခွန်စိန်ကျော်၏ တပင်တိုင်အကနှင့် ရပ်စောက်မြို့နယ် အ.ထ.က(ဗထူး)မှ ကျောင်းသူလေးများ၏ တိုင်းရင်းသားပေါင်းစုံအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် ပြိင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ (၂)ရက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)