ကလော စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိလာစေရန်စသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလောမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဒိုဒိုနှင့်ငြိမ်းချမ်းရေးပုံပြင်စာအုပ်ဖြင့် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)