ပင်လောင်း စက်တင်ဘာ ၁၂
လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဗလငါးတန်ပြီးပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နန်းပန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ခွဲ) နန်းပန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ရီက အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ နည်းနာနိဿယ (၃) ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်သုံးစွဲမှု ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့်ဗလငါးတန်ပြည့်စုံမှု အကြောင်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း၊ တင်းထက်ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးဝေလျံထက်က မူးယစ်ဆေးဝါး၊ ဆေးလိပ်အန္တရာယ်၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ဇင်မာခိုင်က လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က လူငယ်များ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာမည့် ဘဝတိုးတက်မှုအကြောင်းများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်