နေပြည်တော် စက်တင်ဘာ ၁၂
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်၊ ပုဗ္ဗသီရိမြို့နယ် MSME ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည်ချုပ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် မိုးသီရိအထည်ချုပ်လုပ်ငန်းရှင် ဒေါ်မြတ်မို့မို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် နေပြည်တော်ကောင်စီ အဖွဲ့ဝင်က ဒေသတွင်း အလုပ်အကိုင်ပေါင်း (၃၀၀) ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်အထိ တိုးတက်လာသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကိုဗစ်ကာလစီးပွားရေး စိန်ခေါ်မှုများရှိသည့်အကြားမှ ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းစနစ်ကို အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချပြီး မိမိထုတ်ကုန်များအား နိုင်ငံတစ်ဝှမ်းလုံးရှိ ဈေးကွက်များသို့ ထိုးဖောက်ရောင်းချသည်အထိ အောင်မြင်လာသည်ကို တွေ့ရှိရသည့်အတွက် အခြားသော MSME လုပ်ငန်းများအတွက် စံပြလုပ်ငန်း တစ်ခုဖြစ်လာနိုင်ကြောင်း၊ သို့ဖြစ်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအား ပိုမိုစနစ်ကျအောင်ဆောင်ရွက်ပြီး တိုးချဲ့ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းအနေဖြင့် အခက်အခဲများရှိပါက မိမိတို့တာဝန်ရှိသူများအနေဖြင့် တတ်အားသရွေ့ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကာ ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်နိုင်သည်များကို အချိန်နှင့်တပြေးညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ညွှန်ကြားရေးမှူးက မိုးသီရိအထည်ချုပ်လုပ်ငန်းအနေဖြင့် ကနဦးတွင် အိမ်တွင်းအသေးစား လုပ်ငန်းအဖြစ် စတင်ခဲ့ပြီး ယခုအခါ အလတ်စားလုပ်ငန်းတစ်ခုအထိ တိုးချဲ့ဆောင်ရွက်နေပြီဖြစ်ရာ ရေရှည်တွင် ကော်ပိုရိတ်လုပ်ငန်းတစ်ခုအထိ တိုးတက်အောင်မြင် လာနိုင်သည့် အလားအလာများရှိပါကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ ကုမ္ပဏီအဖြစ် စနစ်တကျဖွဲ့စည်းမှတ်ပုံတင်၍ ဆောင်ရွက်ပါက ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့ရန်အတွက် လိုအပ်သည်များကိုပါ ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်ကာ အနာဂတ်စီမံကိန်းအတွက် ပိုမိုသင့်တော်ကောင်းမွန်နိုင်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်းသည် နိုင်ငံတော်မှ ဦးစားပေး ဖိတ်ခေါ်ဆောင်ရွက်နေသည့် လုပ်ငန်းအမျိုးအစားဖြစ်သည့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုချက်ရယူ ဆောင်ရွက်နိုင်ပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်၊ ဒေသလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပေးအပ်ထားသည့် အခွင့်အလမ်းနှင့် အကာအကွယ်များကို ခံစားနိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် အခြေစိုက်ကာ တစ်နိုင်ငံလုံးသို့သာမက ပြည်ပအထိ တင်ပို့နိုင်အောင် ဆောင်ရွက်နေခြင်းကို ကြိုဆိုပါကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် မှတ်ပုံတင်ခြင်းများ ဆောင်ရွက်လိုပါက ဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း အထည်ချုပ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံများ ဆောက်လုပ်နေမှု၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု အခြေအနေများနှင့် လယ်ဝေးမြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ ချမ်းသာကြီးကျေးရွာရှိ လယ်ဝေး-သစ်ပုတ်ပင်ကားလမ်း ပြန်လည်ပြုပြင်လျက်ရှိသည့် အခြေအနေများအား ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့နယ် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ဒက္ခိဏသီရိအသေးစာနှင့်အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒက္ခိဏသီရိ စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအပါအဝင် ဇုန်ပြင်ပရှိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အရည်အသွေးမီကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးကို ကြီးကြပ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဇုန်အတွင်းလုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် တရားမဝင်လုပ်ငန်းလုပ်ဆောင်မှုများ မရှိစေရေးကို အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)