မော်လမြိုင် စက်တင်ဘာ ၁၂
မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများမှာ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများမှာတော့ ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံး ကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းပပဌေးက မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသူများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့်ပတ်သက်၍ တင်ပြညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)