တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စွမ်းဆောင်ရည်များ အားပေးမြှင့်တင်ခြင်း၊ အတွေးအခေါ်အယူအဆများနှင့် အများသူရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကိုယ်စား ဆရာကြီး ဦးမျိုးမင်းတို့က လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား​ပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ မချစ်မြတ်နိုး  (Grade-12)၊ မောင်အောင်ဘုန်းမြတ် (Grade- 11)၊ မောင်သူရကျော်စိုး(Grade- 10)၊ မယဉ်မွန်နိုင် (Grade- 10)၊ မဝင့်ဖူးအိမ် (Grade- 10)တို့က လူငယ်နှင့်စိတ်ကျန်းမာရေး၊ လူငယ်နှင့်ထားရှိရမည့်သတ္တိ၊ လူငယ်နှင့်ရွှေရောင်အနာဂတ်၊ လူငယ်နှင့်လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်နိုင်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာကြီး ဦးမျိုးမင်းတို့က ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းပွဲအခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်