ကလောမြို့နယ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း မော်တော်ဆိုင်ကယ်ပြင်မွမ်းမံသင်တန်း ဖွင့်လှစ်

ကလော စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း (မော်တော်ဆိုင် ကယ်ပြင်မွမ်းမံသင်တန်း) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁ နာရီက ဟဲဟိုးမြို့၊ ဘောနင်းခေတ်မီစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက မွမ်းမံသင်တန်း အဖွင့်အမှာစကား ပြောကြားရာတွင် ဘောနင်းခေတ်မီစံပြကျေးရွာအုပ်စုတွင် မော်တော်ဆိုင်ကယ်ပြင်သင်တန်း (ပထမအကြိမ်)တက်ရောက်ပြီးသော သင်တန်းသားများအား လုပ်ငန်းများ ထူထောင်လုပ်ကိုင်ရာတွင် နည်းပညာရပ်ပိုင်းဆိုင်ရာ ပိုမိုကျွမ်းကျင်စွာ တတ်မြောက်နိုင်ရန်အတွက် ယခုမွမ်းမံသင်တန်းကို ထပ်မံပေးခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းတက်ရောက်သူများမှ လုပ်ငန်းထူထောင်မည့်သူ (၅)ဦးကို ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများမှ သေချာစီစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်ရန် လိုအပ်မည့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘော်နင်းခေတ်မီစံပြကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးညိုအေးက သင်တန်းတက်ရောက်နေသူ ကျေးရွာသားများအနေနှင့်လည်း လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန်အတွက် ကျွမ်းကျင်စွာ တတ်မြောက်စေရန် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ကျော်ဝင်း(ပြန်/ဆက်)