ငါန်းဇွန်မြို့၌ ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ငါန်းဇွန်    စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပုံ၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲများတွင် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများ ကဗျာရွတ်ဆိုပြိုင်ပွဲ၌ ကျောင်းသား/သူ(၁၀)ဦး၊ ပုံပြင်ပြောပြိုင်ပွဲ၌ ကျောင်းသား/သူ (၁၀)ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၌ ကျောင်းသား/သူ(၁၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေနှင့် ကျောင်းအုပ်ဆရာမ ဒေါ်စုတို့က ဆုများအသီး သီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။                        

ပြိုင်ပွဲများအပြီးတွင် ကျောင်းသားကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးရှေ့၌ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအသိပညာပေး နံရံကပ်စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)