တောင်ကြီး စက်တင်ဘာ ၁၂
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမ တံခွန်စိုက်ဖလားရရှိခဲ့သော ရှမ်းပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြင့်ပွဲကို ယမန်နေ့ ညနေ (၆)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုကျင်းပသော ဂုဏ်ပြုပွဲအခမ်းအနားသည် ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့သော အသက်(၁၉)နှစ်အောက် ရှမ်းပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တံခွန်စိုက် ပထမဆုဖလားကြီးကို ရရှိနိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် ရှမ်းပြည်နယ်အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်အောင်နှင့် အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့သော သက်ဆိုင်ရာကော်မတီအသီးသီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများ ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီ၊ ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလားရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသမီးအသင်းက ပထမတံခွန်စိုက်ဖလားကို အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများမှ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လက်ခံရယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလားရရှိခဲ့ကြသည့် အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်တို့က ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလှူရှင်များမှ ဂုဏ်ပြုဆုငွေချီးမြှင့်ရာ တင်မြင့်ရီ ကုမ္ပဏီလိမိတက်၊ ချယ်ရီကွင်း ကုမ္ပဏီလိမိတက်၊ လျှံထူးအောင်ကုမ္ပဏီလိမိတက်၊ ရှမ်းချယ်ရီတောင်တန်း ကုမ္ပဏီလိမိတက်၊ Taunggyi Hotel ၊ Royal Taunggyi Hotel ၊ Golden Rose Star ကုမ္ပဏီလိမိတက်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရတနာသီရိအုပ်ချုပ်ရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့သည်။
၎င်းနောက် ရှမ်းပြည်နယ် အမျိုးသမီးဘောလုံးအသင်းအုပ်ချုပ်သူ ဒေါ်နန်းအဲမာက ပြိုင်ပွဲ ပြင်ဆင်ထားရှိမှုနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ညစာဖြင့် တည်ခင်းဧည့်ခံ၍ တေးဂီတများဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)