ဗိုလ်တထောင် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတ ပြည့်ဝရေးအတွက် လေ့လာဆည်းပူးကြရန်နှင့် ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗိုလ်တထောင်မြို့ အမှတ်(၅)၊ အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗိုလ်တထောင်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စည်သူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီးနောက် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇင်မာဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်နှင့် ကျောင်းအုပ်ဆရာမကြီးတို့ကဦးဆောင်၍ ကျောင်းသားကျောင်းသူ(၆)ဦးက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။
ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများ၏ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)