တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြီး  ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တံတားဦး စက်တင်ဘာ ၁၂

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် (၁၀)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပကြောင်း သိရသည် ။

အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း  ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော  စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်နှင့် လူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျ ရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများ ရရှိရေး ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးဘိုမောင်က ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ လူငယ်လူငယ်များ ဆေးသုံးစွဲရာမှ စွဲစေတက်သည့်ဆေးဝါးများအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မူးယစ်ဆေးဝါး ပပျောက်ရေး မဟာဗျူဟာ(၂)ရပ်အကြောင်းနှင့် စိတ်ကြွရူးသွပ်ဆေးအကြောင်းတို့ကိုလည်းကောင်း အသီးသီးပြောကြားကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားရေး၊  နှုတ်မှုစွမ်းရည်မြင့်မားရေးနှင့် ဉာဏ်ရည်မြင့်မားရေးအတွက်  ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်  ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးကြောင်းသိရသည်။

ဦးရဲတင့်( ပြန်/ဆက်)