ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဒလ စက်တင်ဘာ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အံ့ကြီးအနောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၃) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာရန်၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများထားရှိရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဒလမြို့နယ်မူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းကမူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ပြီး မြို့နယ်စာကြည့်တိုက်အဖွဲ့ဝင် ဒေါ်လှလှရီက ကျောင်းသားနှင့် စည်းကမ်းခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြင့်ဇော်