မိုင်းတုံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း (၁၅၀၀)လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းတုံ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာအား ရန်ပုံငွေကျပ်သိန်း (၁၅၀၀) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၀)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းကျေးရွာများမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟွေပါစီး(ရေထွက်)ကျေးရွာ၊ ဟွေဝကျေးရွာ၊ အေးသာယာ‌ကျေးရွာ၊ နောင်ယာဆိုင်း(၂)ကျေးရွာ၊ အထက်လွယ်ခါး‌ကျေးရွာ၊ ပန်စလီ(အောက်)ကျေးရွာ၊ နားကောင်းမူးအပိုင်(၁)ကျေးရွာ၊ အောင်းလောင်း(ရွာဟောင်း)ကျေးရွာ၊ ရေထွက်(၁၀)မိုင်ကျေးရွာ၊ နမ့်ချန်ကျေးရွာ စုစုပေါင်း (၁၀)ရွာအား တစ်ရွာလျှင် (VDP)ရန်ပုံငွေ သိန်း (၁၅၀)နှုန်းဖြင့် (VDP)ရန်ပုံငွေစုစုပေါင်း သိန်း(၁၅၀၀)ကို သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများမှ လွှဲပြောင်းပေးအပ်ရာ  ကျေးရွာ(၁၀)ရွာမှ လက်ခံခဲ့ကြကြောင်း သိရှိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)