လားရှိုးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လားရှိုး စက်တင်ဘာ ၁၂

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ် ပါဝင်လာနိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ငွေကြိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ   ဦးစိုင်းထွန်းနေလှိုင်က ဆောင်ရွက်ကာ  Grade-10  မှ မောင်သုခစံက လူငယ်နှင့်နည်းပညာ၊ Grade-11 မှ မောင်ဝဏ္ဏအောင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 မှ မောင်ဟန်မျိုးအောင်က လူငယ်နှင့်အားကစား၊ Grade-11 မှ မချစ်ပိုးအိမ်က လူငယ်နှင့် ယဉ်ကျေးမှု ၊ Grade-11 မှ မသက်နှင်းဝေက လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မသိမ်မွေ့ခင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသူ/ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်