ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ဈေးဆိုင်များမှ ဈေးသည်များဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ဒဂုံအရှေ့ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာဈေးများရုံး၊ ခရိုင်မှူး ဦးဇင်မင်းညွန့်သည် ဈေးဆိုင်များမှ ဈေးသည်များဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အမှတ် (၈) ရပ်ကွက်ရှိ အမှတ် (၂) ဈေး၊ ဈေးရုံအပေါ်ထပ်တွင် ယနေ့ နံနက်ပိုင်း (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာဈေးများရုံး၊ ခရိုင်မှူး ဦးဇင်မင်းညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် ဈေးသည်များ ဈေးဆိုင်အတွင်း သတ်မှတ်ထားသည့် စည်ကမ်းချက်များဖြင့် ရောင်းဝယ်မှုပြုလုပ်ကြရေး၊ အလေးတင်းတောင်မှန်ကန်စွာ ရောင်းချစေလိုကြောင်း၊ ယခုအခါ အခက်အခဲဖြစ်နေသည့် ဆီကိုလည်း ဆီကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းနေပြီး မကြာမီဈေးထဲတွင် ဈေးဆိုင်တိုင်းရောင်းချနိုင်မည့် ဆီပမာဏအတိုင်း ရောင်းချနိုင်ရန်အတွက် တင်ပြဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော ဈေးဆိုင်များမှ ဈေးသည်များကလည်း မိမိတို့အခက်အခဲများကို ပြန်လည်ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲသို့ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာယာဈေး တာဝန်ခံအရာရှိများ၊ ဒဂုံမြို့သစ်ခရိုင်းအတွင်းရှိ ဈေး (၂၃) ဈေးမှ ဈေးတာဝန်ခံများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဝင်းအိမွန် (ပြန်/ဆက်)