မိုးမိတ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိ့နှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်မင်းထွန်းက “သားအိမ်ခေါင်းကင်ဆာရောဂါတွင် အဆင့် လေးဆင့်ရှိပြီး အဆင့်တစ် ရှေ့ပြေးအဆင့်တွင် ရောဂါလက္ခဏာ မပြတတ်ပါ၊ အဆင့်နှစ်တွင် မူမမှန်ဘဲ သွေးဆင်းခြင်း၊ ရာသီသွေးပေါ်ပြီး /ရာသီတစ်ကြိမ်နှင့် တစ်ကြိမ်အကြား သွေးဆင်းခြင်း မိန်းမကိုယ်မှ အရိအရွဲများ ဆင်းခြင်း (တစ်ခါတစ်ရံ အပုတ်နံထွက်ခြင်း)၊ ရာသီသွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း၊ အဆင့်သုံးတွင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ခံတွင်းပျက်ခြင်း တင်ပဆုံခွက်၊ ခါးနှင့်ခြေထောက်တစ်လျှောက် နာခြင်း၊ အင်္ဂါများတွင် အပေါက်များဖြစ်သော ဂရင်ဂျီနာဖြစ်ခြင်းတို့ဖြစ်ပြီး အဆင့်လေးတွင် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများထံသို့ ပျံ့နှံခြင်း၊ အသဲနှင့် ကျောက်ကပ်သို့ ကင်ဆာဆဲလ်များ ပျံ့နှံခြင်းဖြစ်၍ သေဆုံးနိုင်ပါတယ်”ဟု သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများကို ရှင်လင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုဟူ၍ နှစ်မျိုးခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်သည့် အသက်အရွယ်မှာ (၁.၉.၂၀၁၁)မှစ၍ (၃၁.၈.၂၀၁၄) အတွင်း မွေးဖွားသော ကျောင်းနေအရွယ် မိန်းကလေးများနှင့် ကျောင်းမနေသည့် မိန်းကလေးများကို ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံသည့် အချိန်နှင့် တစ်ပတ်အတွင်း အဖျားရှိခြင်း၊ အခြားကာကွယ်ဆေး တစ်မျိုးမျိုး ထိုးနှံစဉ်က ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ပွားခြင်း စသည့်အခြေအနေများဖြစ်ပွားနေပါက ကာကွယ်ဆေးထိုးနှံရန် မသင့်ကြောင်းနှင့် ပုံမှန်အခြေအနေမျိုးတွင်သာ ထိုးနှံပေးသွားမည်ဖြစ်သည်၊၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်မှ ၂၉ ရက် နေ့အထိလည်းကောင်း ပြည်သူလူထုအခြေပြုထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၆ ရက် မှ ၂၇ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စည်သူဌေး (ခရိုင်၊ ပြန်/ဆက်)