မိုင်းဆတ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အ.ထ.က(မိုင်းဆတ်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူးရုံး၊ ပညာဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်စောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် Grade-8 မယွန်းမြတ်သာက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မမိုးမိုးအေးက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်အောင်သက်ပိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဝေယံဘုန်းပြည့်အောင်က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်းတွင် မေးမြန်းဆွေးနွေးသူများနှင့် ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူးရုံး၊ ပညာဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်စော၊ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက ကျေးဇူးတင်စကားပြောကြား ခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)