တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း လွိုင်လင်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

လွိုင်လင် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  (ခရိုင်အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ခန်းမတွင် ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်စိုးနှင့် ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် အကြီးအကဲများ မှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲဝင်နေမှုများကို ကြည့်ရှု့အားပေးကြပြီးနောက် ဂုဏ်ပြုအလှူငွေများ ချီးမြှင့်ပေးအပ်ကြရာ တိုင်းမှူးနှင့်ဇနီးတို့က ချီးမြှင့်ငွေကျပ် (၅) သိန်း၊ ဟိုမိန်းပြည်သူ့စစ်ဌာနေမှ (၅) သိန်း၊ ငွေပင်လုံကုမ္ပဏီမှ (၅) သိန်းနှင့် ပင်လုံ လုပ်ငန်းရှင်များမှ (၅) သိန်းချီးမြှင့်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ခံရယူပါသည်။ ထို့နောက် တိုင်းမှူးနှင့်အကြီးအကဲများ ပြိုင်ပွဲဝင်များမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲနှင့် နံနက်ပိုင်းပြိုင်ပွဲအစီအစဉ်ကို ခေတ္တရပ်နားလိုက်သည်။

အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၈၆) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်ဇနီး၊ တပ်မတော်အရာရှိများ၊ လွိုင်လင်တပ်နယ်မှူးဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်မြို့နယ်များမှ ပြိုင်ပွဲဝင်များ၊  နည်းပြအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ခရိုင် ပြန်/ဆက်