သံဖြူဇရပ် စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ နံနက်ပိုင်းတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှုအန္တရာယ်လျော့ပါးစေရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်သူနာပြုတပ်ဖွဲ့မှူး ဦးစိုးမင်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုခြင်းများ ဆောင်ရွက်ပြီး၊ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် လူမှူဝန်ထမ်းမူလတန်းကြိုကျောင်း၌ အသိပညာပေး ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း(၅)ကျောင်းမှ ရင်သွေးငယ်(၅၀) ဦးတို့မှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရကလေး (၁၀) ဦးအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)