မုံးကိုး စက်တင်ဘာ ၁၂
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉:၃၀)အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များအတွက် အလွယ်တကူ စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် ရပ်ကွက်အတွင်းသို့ ယခုလတွင် သုတ၊ ရသစာအုပ်များအပြင် မဂ္ဂဇင်း၊ ရုပ်ပြများကို ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ ကလေးများစာဖတ်မှုကို စိတ်ဝင်စားလာစေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရပ်ကွက်အတွင်းရှိ ကလေးလူငယ်လူကြီးမရွေး စာပေဖတ်ရှူနိုင်ရန်အတွက် သွားရောက်သောအခါ ရပ်ကွက်သူရပ်ကွက်သားများက ဝမ်းမြောက်စွာလက်ခံပြီး နောက်လများတွင်လည်း လာရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်းကိုပါ သိရှိခဲ့ရပါသည်။
ထို့နောက် ယခုလကရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို နောက်လတွင် ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။ မုံးကိုးမြို့ ပြန်/ဆက် ဝန်ထမ်းများကလစဉ် စျေးနှင့်ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)