ဆီဆိုင် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆီဆိုင်မြို့ကျောင်း ကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တာဝန်ရှိဆရာမတစ်ဦးမှ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသော မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများအား ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဦးမေနှင့် တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသည့် ကစားသမားများနှင့်ပထမဆု၊ ဒုတိယဆုရရှိသော အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းများကို ဆုတံဆိပ်များနှင့်တကွ ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မူလတန်းအဆင့် အမျိုးသား (၃) သင်း၊ အလယ်တန်းအဆင့် အမျိုးသား (၅) သင်း၊ အမျိုးသမီး (၅) သင်း၊ အထက်တန်းအဆင့် အမျိုးသား (၅) သင်း၊ စုစုပေါင်း (၁၈) သင်းတို့က စက်တင်ဘာ (၅) ရက်နေ့မှ စက်တင်ဘာ (၁၀) ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)