မိတ္ထီလာ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးတင်း ၁၀၀ အထက်ထွက်ရှိရေး GW-11မျိူးစပါး စိုက်ဧက ၁၅၀ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၂၆၁၃ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးစပါးကို ဆည်ရေကန်ရေ သောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေကန်ရေ မရသည့် ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် မိုးစပါး ကို ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်းဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ၊ သုခထွန်း၊ GW-11နှင့် ဒေသမျိုးစပါးများကို အဓိကစိုက်ပျိုးလျက်ရှိသည်။
ထိုသို့ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးတင်း (၁၀၀)အထက် ထွက်ရှိရေး GW-11 မျိူးစပါး စိုက်ဧက ၁၅၀ စိုက်ပျိုးထားရှိရာ အဆိုပါ GW-11 မျိူးစပါး စိုက်ဧက ၁၅၀ ကို မင်းတဲကုန်း ကျေးရွာရှိ ကွင်းအမှတ် ၇၃၂ တွင် တောင်သူ ၂၀ ဦးမှ စိုက်ဧက ၇၅ ဧကနှင့် ညောင်ကိုင်းကျေးရွာရှိ ကွင်းအမှတ် ၈၅၄/၈၅၆ တွင် တောင်သူ ၄၉ ဦးမှ စိုက်ဧက ၇၅ ဧကတို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)