ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၅၇၈)တွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၀)စက်မှုလယ်ယာစခန်းမှ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွာတန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ကွင်းအမှတ်(၁၅၇၈) ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးသိန်းထွန်းစံက မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်နှင့် အားသာချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အမှတ်(၆၀)စက်မှုလယ်ယာစခန်း ဦးစီးဌာနမှူး ဦးအောင်ဝင်းက တောင်သူဦးကြီးများအတွက် စပါးပိုလျှံရေး၊ ပန်းတိုင်အထွက်တိုးရေး၊ (၆)တန်းသွားကောက်စိုက် စက်ဖြင့် စိုက်ပျိုးပေးခြင်းများကို သရုပ်ပြစိုက်ပျိုးပြသခဲ့ပြီး တစ်ရက်လျှင်(၅)ဧကနှင့်(၈) ဧကကြားပြီးစီပါကြောင်း ကောက်စိုက်စက်၏ ဝန်ဆောင်ခနှုန်းထားမှာ တစ်ဧက(၄၈၀၀၀)ကျပ်ဖြစ်ပြီး စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအနေဖြင့် မြို့နယ်စက်မှုလယ်ယာစခန်းနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ကြောင်းသိရသည်။

မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲကို ကွင်းအမှတ်(၁၅၇၈)ဦးပိုင်အမှတ်(၃၀/၄၀)တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးဌာနမှူး ဦးသိန်းထွန်းစံ၊ ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးနေမှူများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်