ပျဉ်းမနား စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းစံပြကျေးရွာတွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် နည်းပညာပေးမည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ SMU ခန်းမ၌ ကျင်းပရာ နေပြည်တော် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(စီမံကိန်းဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်နေသည့်အချိန်တွင် နေပြည်တော်ကောင်စီအနေဖြင့်လည်း ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ညောင်ကုန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာကို ခေတ်မီစံပြကျေးရွာများအဖြစ် ဖော်ဆောင်ခဲ့ပါကြောင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း ၆ ခုကို ကျေးရွာ ၉ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းပေးခြင်းအပြင် နည်းပညာလုပ်ငန်းထူထောင်နိုင်အောင် စက်ပစ္စည်းများ ထောက်ပံ့ပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများ ဝင်ငွေတိုးပွားအောင် အဓိကထား ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ပုံမှန်ပို့ချပေးနေသော နည်းပညာသင်တန်းများနှင့်မတူဘဲ သင်တန်းဆင်းများအနက် ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူ ၅ ဦးကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ညီမျှသော လိုအပ်သော ရင်းနှီးစက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ယခုကဲ့သို့ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး လိုအပ်သော စက်ပစ္စည်းတွေ အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးလက်နေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာခြင်းစသော အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ကြောင်း၊ ညောင်ကုန်းစံပြကျေးရွာမှာ နေထိုင်ကြသူတွေအနေဖြင့် မိမိတို့ စံပြကျေးရွာအတွင်းကနေပြီး တစ်ပိုင်တစ်နိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များမှသည် အလတ်စား၊ အကြီးစား စက်မှုလက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(စီမံကိန်းဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဝင်ငွေတိုးစီမံကိန်းများကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်များ၊ အခွင့်အလမ်းများ၊ ဖန်တီးပေးခြင်းဖြင့် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် စသော ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ နိုင်ငံတော်က အဘက်ဘက်က ပံ့ပိုးဆောင်ရွက်ပေးနေတဲ့အချိန်တွင် မိမိအကျိုး၊ မိမိတို့ကျေးရွာအကျိုးကို ရှေးရှုပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် အမှန်တကယ် လုပ်ငန်းထူထောင်နိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး စီမံကိန်းအကောင်အထည်ဖော်ရေး အဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် နည်းပညာပေးမည့် စက်ချုပ်နည်းပညာသင်တန်းကို ၁၂.၉.၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ဘာသာရပ် (၉)မျိုးကို ကျွမ်းကျင်နည်းပြများမှ စာတွေ့၊ လက်တွေ့ ဘာသာရပ်များကို လက်တွေ့အသုံးချနိုင်သည်အထိ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)