ပြင်ဦးလွင် စက်တင်ဘာ ၁၂
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁၃ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ ပွေးတောင် (နန္ဒဝန်) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင် အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် အ.ထ.က (ခွဲ) သုံးတောင်(နန္ဒဝန်) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူးက “ဗလငါးတန်ဖွံ့ဖြိုးရေး “ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ “ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက အ.ထ.က (ခွဲ) သုံးတောင်(နန္ဒဝန်) ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်လက်ဆောင်များပေးအပ်ရာ တာဝန်ခံဆရာမတစ်ဦးက လက်ခံရယူသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အထက (ခွဲ) သုံးတောင်(နန္ဒဝန်) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များအား၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )