ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (သုံးတောင်) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၂

ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတတိုးပွါးရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (သုံးတောင်) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် အ.ထ.က (ခွဲ)  (သုံးတောင်)မှ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (သုံးတောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူးက “ဗလငါးတန်ဖွံ့ဖြိုးရေး “ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ “ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ ထို့နောက် စာရေး ဆရာကိုရွှေအောင်သင်းက အ.ထ.က (ခွဲ) (သုံးတောင်) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်လက်ဆောင်များပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က လက်ခံရယူသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အ.ထ.က (ခွဲ) (သုံးတောင်) မှ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များအား၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရ သည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )